ပျော်ဘွယ် ဇွန် ၁၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ဇွန်လ(၁၃)ရက်၊ နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အောင်သာ)တွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက လူငယ်နှင့်မူးယစ် ကင်းစင်သောအားကစားလှုပ်ရှားမှု အကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများအသုံးပြုနိုင်ရန် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက လက်ခံရယူသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မူးယစ်ဆေးဝါအန္တရာယ်ကင်းရှင်းစွာ ဘဝနေထိုင်နည်းများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန် ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)