ရမည်းသင်းမြို့၊ အမှတ်(၅)မြို့မ အခြေခံပညာအထက်တန်ကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရမည်းသင်း     ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ အမှတ်(၅) မြို့မအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဆန်းဝင်းက ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန် လူငယ်စကားဝိုင်းကျင်းပ၍ အမြင်ချင်းဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ အသိပညာ၊ အတတ်ပညာချင်း မျှဝေပေးရန်ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ် စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိစေမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မြို့မအထက်တန်းကျောင်း၊ Grade-10 မှ မချိုဝတ်ရည်က လူငယ်နှင့် စနစ်သစ်ပညာရေးကို လည်းကောင်း၊ Grade-11 မှမောင်အောင်ဆန်းဖြိုးက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း၊ Grade-11 မှ မမိုးမိုးကမ္ဘာက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကို လည်းကောင်း၊ Grade-10 မှ မောင်ထက်ပိုင်စိုးက လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့်ခေါင်းစဥ်များဖြင့် လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကဏ္ဍအလိုက် သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်သူများက ကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် ခရိုင်သစ်တောဦးစီးမှူးဦးသိန်းထွန်းတို့က ဖြည့်ဆည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။  

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးမှူး၊ မြို့မအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၃၆)ဦး တက်ရောက်ခဲ့ကြပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)