မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

မော်လမြိုင်      ဇွန်      ၁၅

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာသွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းကြီး နှစ်ရပ်ဖြစ်တဲ့ အိုင်စီအာစီနှင့် ဖက်ဒရေးရှင်းတို့က အတည်ပြုသတ်မှတ်တဲ့ “ကမ္ဘာ့သွေးလှူရှင် များနေ့” ပဲဖြစ်ပါကြောင်း ၊ သွေးလှူဒါန်းခြင်းဆိုတာ လှူနိုင်ခဲတဲ့ မွန်မြတ်တဲ့ဒါနပြုခြင်း တစ်မျိုးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ကျော်လောက်က ဆိုဖာရီနိုစစ်မြေပြင်ကနေ စတင်ပေါက်ဖွားလာခဲ့ကြတဲ့ ကြင်နာမှုနှင့်စာနာမှု ကရုဏာလမ်းကြောင်းအတိုင်း ဆက်လက်စီးဆင်းနေတဲ့ မေတ္တာစိတ်ဓါတ်စွမ်းအားများပဲဖြစ်ကြောင်း၊ စေတနာသွေးလှူရှင်ဆိုတာသွေး(သို့မဟုတ်) သွေးအစိတ်အပိုင်းများကို မိမိ၏သဘောဆန္ဒအလျောက်ပေးလှူသည့်အတွက် ငွေသားဖြစ်စေ၊ ငွေကြေးအစားထိုးဟု ယူဆနိုင်သော ပစ္စည်းဖြစ်စေ၊ တစ်စုံတစ်ရာ အခကြေးငွေဖြစ်စေ မရရှိသော သွေးလှူရှင်ကို ခေါ်ပါကြောင်း၊ အသက်သည် သွေးဖြင့်ရှင်သန်နေသည် ဆိုသည့်အတိုင်း အသက်ရှင်သန်ဖို့ လိုအပ်နေတဲ့ ဒုက္ခကြုံတွေ့ခံစားနေရတဲ့ ဝေဒနာရှင်များကို မိမိကိုယ်ခန္ဓာအတွင်းက တန်ဖိုးရှိလှတဲ့ သွေးများကိုထုတ်ပြီး လှူဒါန်းပေးလိုက်ခြင်းဟာ ကြီးမြတ်တဲ့စေတနာဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ မြန်မာ့သွေးဘဏ် သမိုင်းသစ်အမျိုးသား သွေးလှူဘဏ်ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး “သင့်သွေးဖြင့် အသက်ကယ်ပါ” စတဲ့ ဆောင်ပုဒ်များ ပျံလွင့်လာကာ သွေးလှူစနစ်ကို ပြောင်းလဲစေခဲ့ပါကြောင်း မြန်မာနိုင်ငံသွေးဘဏ်အက်ဥပဒေကို ပြဌာန်းပေးနိုင်ခဲ့တဲ့အတွက် လုပ်ငန်းများကျယ်ပြန့်လာစေခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး ဦးတည်ချက်နဲ့အညီကျန်းမာရေးအဆင့်အတန်းမြင့်မားရေး၊ မြို့ပြကျေးလက်ကျန်းမာရေး ကွာဟချက်နည်းလာရေးကို ဆောင်ရွက်ပေးနေပြီး အထူးကုဆေးရုံကြီးများ၊ ကျန်းမာရေးဌာနများကို တိုးချဲ့ ဖွင့်လှစ်ပေးနေတာ တွေ့ရပါကြောင်း၊ ကျန်းမာရေးလုပ်ငန်းများ တိုးတက်မြင့်မားလာအောင်ဆောင်ရွက်ရာမှာ နိုင်ငံ့ဝန်ထမ်းများသာမက လူမှုရေးအဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ရမှာဖြစ်ပြီး စေတနာအလျောက် သွေးလှူဒါန်းခြင်းဖြင့် မိမိကိုယ်ကို သူရဲကောင်းများလို့ ခံယူထိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်၍ မိမိရဲ့ သန့်စင်မွန်မြတ်တဲ့ သွေးသန့်ကို လိုအပ်နေတဲ့သူကို မွန်မြတ်စွာ(၄)လ တစ်ကြိမ်ပုံမှန်လှူဒါန်းပေးနေလို့ပဲဖြစ်ပါကြောင်း၊ မွန်မြတ်လှတဲ့ စေတနာသွေးလှူဒါန်းခြင်းလုပ်ငန်းကို ဂုဏ်ယူတန်ဖိုးထားပြီး မြတ်နိုးစွာနဲ့ ဆက်လက်ဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပြီး သွေးလှူရှင်များအား စည်းရုံးခြင်းနှင့် စုဆောင်းမှုအများဆုံး ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံးကြီး သွေးလှူဘဏ်တွင် သွေးသန့်သွေးလှူရှင်များ သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး၍  အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)