ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ဘက်စုံထူးချွန်လူရည်ချွန်ကျောင်းသားနှစ်ဦး၏ ပျော်ရွှင်ခံစား ရင်းတွင်းစကားသံများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မိုင်းဖြတ်မြို့နယ်အနေဖြင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား နှစ်ဦး စိစစ်ရွေချယ်ခံရတယ်လို့ သိရပါတယ်။ အဆိုပါကျောင်းသားနှစ်ဦးမှာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)က ဧကာ ဒဿမတန်းကျောင်းသား မောင်စွမ်းသင်္ခနှင့် အခြေခံပညာ အထက်တန်းကျောင်း(ဟိုနား)က (Grade-9) တန်းကျောင်းသား မောင်လင်းထက်အောင်တို့ နှစ်ဦးဖြစ်ပါတယ်။  ထိုကဲ့သို့ ဘက်စုံထူးချွန်လူရည်ချွန် ကျောင်းသားအဖြစ် ရွေးချယ်ခံရသည့် ကျောင်းသားနှစ်ဦး၏ ရင်းတွင်းစကားသံများကို ယခုလို တွေ့ဆုံ မေးမြန်းထားပါတယ်။

မောင်လင်းထက်အောင်

(Grade-9)၊ အ.ထ.က(ဟိုနား)

၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ လူရည်ချွန်ကျောင်းသား

သားနာမည်ကတော့ မောင်လင်းထက်အောင်ဖြစ်ပါတယ်ခင်ဗျာ ဒီနှစ်မှာ သားက အ.ထ.က(ဟိုနား)မှာ Grade-9ကို တက်ရောက်ခဲ့ပါတယ်၊ သားက ၂၀၂၂-၂၀၂၃ပညာသင်နှစ်မှာ လူရည်ချွန်ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံပါတယ်ခင်ဗျာ၊ သားကတော့ လူရည်ချွန် အဖြစ် ဝင်ရောက်ဖြေဆိုဖြစ်တာကတော့ ထွေထွေထူးထူးဖြေခဲ့တာမဟုတ်ပါဘူး၊ လူရည်ချွန်ဆုကို ရချင်တဲ့အတွက် ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုတွေနဲ့ ဖြေဆိုခဲ့တာပါ၊ နောက်နှစ်တွေမှာလည်း ဖြေဆိုခွင့်ရမယ်ဆိုရင် ထပ်မံဖြေဆိုဖို့ ရည်ရွယ်ထားပါ တယ်၊ လူရည်ချွန်ဆုရဖို့အတွက် မိဘတွေက သားအနားမှာ အမြဲတမ်းကြီး မရှိသနိုင်တဲ့အတွက် လိုအပ်တဲ့အခါမှာ မိဘတွေရဲ့ လမ်းညွန်မှုတဲ့အတူ လိုအပ်ချက် တွေကို ကူညီပံ့ပိုးပေးပါတယ်၊ အဓိကကတော့ သားရဲ့အတန်းပိုင်ဆရာမကြီး ဒေါ်ခင်ခင်စိန်က အနီးကပ် သင်ကြားပြသပေးခဲ့ပါတယ်။

လူရည်ချွန်တစ်ယောက်ဖြစ်လာဖို့ဆိုရင် အရေးကြီးတာကတော့ စာပေပိုင်း၊ အားကစား ပိုင်း၊ ဗဟုသုတ ပိုင်းတွေ အရေးကြီးပါတယ်။ အားကစားပိုင်းဆို နှစ်လ၊ သုံးလလောက်အထိ ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်၊ စာပေပိုင်းဆိုရင်လည်း ကိုယ်နဲ့သက်ဆိုင်တဲ့ စာကအားလုံးကို  လေ့လာခဲ့ပါတယ်။ နိုင်ငံတော်က လူရည် ချွန်ကျောင်းသားတွေကိုပုဂံလေ့လာရေးခရီးစဉ်အဖြစ် ပို့ပေးခဲ့တယ်၊ သားမရောက်ဖူးသေးတဲ့ မြန်မာ နိုင်ငံအလယ်ပိုင်းက ပုဂံကို ရောက်ခဲ့သလို နိုင်ငံတစ်ဝှမ်းက လူရည်ချွန်ကျောင်းသား သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့အတွက် အရမ်းဝမ်းသာ မိပါတယ်၊ ပုဂံခရီးစဉ်အပြင် နေပြည်တော် ပုဂံဒေသတစ်ဝိုက်က ရောက်ရှိခဲ့တဲ့အတွက် လေ့လာစရာတွေ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်ခင်ဗျာ။

မောင်စွမ်းသင်္ခ

ဧကာဒဿမတန်း၊ အ.ထ.က(မိုင်းဖြတ်)

၂၀၁၉-၂၀၂၀၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊နှစ်ထပ်ကွမ်းလူရည်ချွန်

မင်္ဂလာပါခင်ဗျာ သားနာမည်ကတော့ မောင်စွမ်းသင်္ခဖြစ်ပါတယ်၊ အခြေခံပညာအထက် တန်းကျောင်း မိုင်းဖြတ်မြို့နယ်ကနေ ဧကာဒဿမတန်း အောင်မြင်ထားတာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အဋ္ဌမတန်း လူရည်ချွန်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ဧကာဒဿမတန်း လူရည်ချွန် ဆုကို ရရှိထားတာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ ၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာတော့ (ပထမ) အကြိမ် အဋ္ဌမတန်းလူရည်ချွန်ကို ဖြေဆိုခွင့် ရရှိခဲ့ပါတယ်။ ဒီကြားထဲမှာ ကိုဗစ်-၁၉ ရောဂါအခြေ အနေကြောင့် ကျောင်းတွေပိတ်ထားခဲ့တဲ့အတွက် ဖြေဆိုခွင့်မရခဲ့ပါဘူး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ နောက်ထပ်ပြန်လည်ဖြေဆိုခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခက်အခဲအနေနဲ့ပြောရရင် ၂၀၁၉-၂၀၂၀ မှာတော့ (ပထမ)အကြိမ် ဖြစ်တဲ့အတွက် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ မှာ ဖြေဆိုတဲ့အခါ အခက်အခဲကို အရမ်းကြီး မကြုံတွေ့ခဲ့ရပါဘူးခင်ဗျာ။

လူရည်ချွန်တစ် ယောက်ဖြစ်ရ တဲ့အရသာကို လူရည်ချွန် ဖြစ်ဖူးသူတိုင်းက သိရှိနိုင်မှာ ဖြစ်ပါတယ် ဒါ့ကြောင့်မို့ ကျွန်တော်ကလည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျာ။ အခုလို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ နိုင်ငံတော်ကနေ ဂုဏ်ပြု ချီးမြှောက်မှုတွေ အများကြီးကို ကြုံတွေ့ရတဲ့အခါ ပိုပြီးကျေနပ်ဝမ်းသာရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ပညာရေးဌာနရဲ့ လိုဂိုအမှတ်တံဆိပ်မှာဆိုရင် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုတဲ့ သုံထောင့် တြိဂံပုံစံလေးရှိပါတယ်၊ ကျွန်တော်ကတော့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတာထက် ပိုပြီးတော့ ဒါဟာ ကျောင်းသား၊ မိဘနဲ့ ဆရာ/ဆရာမကို ကိုယ်စားပြုတဲ့ သုံးထောင့် တြိဂံလေး လို့ဆိုချင်ပါတယ်၊ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေ ထူးချွန်ထက်မြတ်ဖို့ဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားမှုတွေနဲ့မဟုတ်ပဲ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုတွေ၊ မိဘတွေရဲ့ ပံ့ပိုးမှုတွေ အများကြီး လိုအပ်ပါတယ်ခင်ဗျာ၊ အခုလို လူရည်ချွန်ဆု ရရှိခဲ့တာဟာ လည်း ဆရာ၊ ဆရာမတွေသင်ကြားပြသမှုနဲ့ မိဘတွေရဲ့ပံ့ပိုးမှုတွေ အများကြီး ပါဝင်ခဲ့တယ် လို့ ပြောလို့ရပါတယ်ခင်ဗျာ။

လူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် လူရည်ချွန်စာမေးပွဲဖြေဆိုမယ်ဆိုရင် ပထမဆုံး ကျောင်းနဲ့ပတ်သက်တဲ့ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ ဒါတွေမှာ ကောင်းမွန်ဖို့ လိုအပ်ပါ တယ်၊ ဒုတိယအချက်ကတော့ အားကစားပိုင်းမှာ အဆင်ပြေဖို့ လိုအပ်ပါတယ်၊ နောက်ပြီး အထွေထွေဗဟုသုတ ပိုင်းဖြစ်ပါတယ်၊ အထွေထွေဗဟုသုတဆိုတဲ့ နေရာမှာ မြန်မာ့ထုံး တမ်းအစဉ်အလာတွေ၊ ဘာသာရေး အခြေခံတွေ၊ ကမ္ဘာတစ်ဝှမ်း၊ မြန်မာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ် ပြန့်ပြန့် ခံစားသိရှိရမှာ ဖြစ်ပါတယ်၊

          နိုင်ငံတော်ကနေ ကျွန်တော်တို့ လူရည်ချွန်ကျောင်းသားတွေကို ငွေဆောင်လေ့လာရေး ခရီးစဉ်တစ်လျှောက်မှာ ခရီးစထွက်ကတည်းကနေ ပြန်ရောက်တဲ့အချိန်အထိ အမှတ်တရတွေ ကတော့ အများကြီး ရှိခဲ့ပါတယ်၊ အမှတ်တရ အရှိဆုံးကတော့ ကျွန်တော်တို့ ငွေဆောင် လူရည်ချွန်စခန်းကို ရောက်တဲ့အခါမှာ ဧကာဒသမတန်းက လူရည်ချွန်တွေ စုပေါင်းပြီး “စည်းလုံးချင်းအတွက် သီချင်း တစ်ပုဒ်” ဆိုတဲ့သီချင်းနဲ့ ဖျော်ဖြေမှုတစ်ခုလုပ်ခဲ့ရတာက အမှတ်တရအရှိဆုံးဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ပြန်ရောက်တဲ့အခါမှာလည်း လေဆိပ်မှာ ကျောင်းအုပ်ဆရာမကြီးနဲ့တကွ ဆရာ၊ ဆရာမတွေက ဂုဏ်ပြုပန်းစည်းတွေနဲ့ လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့တာလည်း တကယ်ကို အမှတ်တရ ဖြစ်စေခဲ့ရပါတယ်ခင်ဗျာ။ ကျွန်တော် အဓိကအနေနဲ့ 

ဆရာ၊ ဆရာမတွေ သင်ကြားပို့ချတဲ့အခါ ဂရုတစိုက်နဲ့ အာရုံစိုက်ပြီးနားထောင်ပါတယ်၊ တစ်နေ့ စာ တစ်နေ့ အကြွေးမကျန်အာင် လေ့လာသင်ယူပါတယ်၊ ကျွန်တော် မူလတန်းကနေစပြီး အတန်းအလိုက် ဂုဏ်ပြုဆုကို ကဏ္ဍပေါင်းစုံကနေ ဆုပေါင်း(၄၇)ဆု ဆွတ်ခူးရရှိထားပါတယ်၊

          အဆိုပါ ကျောင်းသားနှစ်ဦးသည် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မိုင်းဖြတ်မြို့နယ် ကိုယ်စားပြု ဘက်စုံထူးချွန်လူရည်ချွန်ကျောင်းသားများဖြစ်ကြပြီး လူရည်ချွန်ကျောင်းသား အတွေ့ အကြုံများနှင့် နိုင်ငံတော်မှ အပန်းဖြေခရီးစဉ်ပို့ပေးခဲ့သည့် ပုဂံလေ့လာရေးခရီးစဉ်နှင့် ငွေဆောင် လေ့လာရေးခရီးစဉ် အတွေ့အကြုံရှင်းလင်းပွဲများကိုလည်း အခြေခံပညာအထက် တန်းကျောင်း (မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့ပြီး မြို့နယ်မှ တာဝန်ရှိသူများက ဂုဏ်ပြုပွဲ ကိုလည်း စည်းကားသိုက်မြိုက်စွာ စီစဉ်ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း၊ သန်းထွန်းအေး(ပြန်/ဆက်)