ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ ဇွန် ၁၅

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဈေးနှင့် ပြည်စံအောင်ဈေးများသို့သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခရိုင်ဦးစီးမှူး ဒေါက်တာနှင်းနှင်းဝေ၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်းနှင့် မြို့နယ်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ရေဆင်းဈေးနှင့် ပြည်စံအောင်စေဈးအတွင်း ရောင်းချနေသည့်  စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ မျှစ်ချဉ်၊ ကြက်အူချောင်း၊ Sunday ကော်ဖီမစ်၊ စတော်ဘယ်ရီပေါင်မုန့်၊ Red Life အချိုရည်၊ Doreme နို့အချို ရေနှင့် Candy ပိုက်ချိုချဉ်တို့အား ခွင့်မပြုဓာတုတာရှည်ခံဆေးများ ပါဝင်မှုရှိ/ မရှိ ရွေ့လျားဓာတ် ခွဲယာဉ်(mobile lab van)ဖြင့် စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက်ဝယ်ယူခဲ့ပြီး  ဈေးအတွင်းရှိ သား/ ငါးဆိုင်ခန်းများ၊ ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ပြီး ခွင့်မပြုဓာတုဆေးများနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)