နမ့်ခမ်း ဇွန် ၁၅
ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အတွေးအမြင် ဗဟုသုတ အသစ်များ တိုးပွားလာစေရန်ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဝန်ထမ်းများအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဓာတ်ပုံကျွမ်းကျင်-၂ ဦးမိုင်းဆိုင်ထွန်းက ဝန်ထမ်းများလိုက်နာရမည့် တာဝန်များကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လွေးအေးအေးဟန်က ဝန်ထမ်းစည်းကမ်းများအနက် အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများနှင့် တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများနှင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် စည်းကမ်းများကိုလည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)