သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သီပေါ ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကြရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များ စွန့်ပစ်မှုမရှိစေရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အလေးထား ဆောင်ရွက်ရန် စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲမှူး အောင်မင်းက ဝန်ထမ်းများ လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြုကြရန်၊ သဘာဝဘေးဖြစ်ပေါ်လာပါ အချိန်နှင့်တပြေးညီ လျင်မြန်စွာ တင်ပြသွားကြရန်တို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးပြေငြိမ်းက မီးလောင်ကျွမ်းခဲ့သော မဏိရတနာစံဖိတ်ဘုန်းကြီးကျောင်းအတွက် အလှူငွေကောက်ခံရရှိမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက အထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအား ချပြရှင်းလင်းခြင်းကိုလည်းကောင်း၊ သစ်တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်များ ဖြန့်ဝေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  တစ်လလျှင် (၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် အနီးအနား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)