နမ္မတူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

နမ္မတူ ဇွန် ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍  ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကားပြောကြားပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေဦးက မူယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)