တာလေမြို့၌ ဒေသထွက် နာနတ်သီးများလှိုင်လှိုင်ပေါ်၍ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

တာလေ ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နေဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အားထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ဒေသထွက် နာနတ်သီးများလှိုင်လှိုင်ပေါ်ချိန်ရောက်၍ နာနတ်သီးစိုက်ပျိုး ရောင်းချသူများ မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

နာနတ်သီးပင်သည် မြေမရွေးစိုက်ပျိုးနိုင်သောသီးနှံဖြစ်ပြီး သဲဆန်နှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ မြေမရွေးစိုက်ပျိုးနိုင်သော်လည်း ရေဝပ်ခြင်းကိုတော့ကြောက်ကြောင်း၊ နာနတ်သီးပင်စတင်စိုက်ပျိုးမည်ဆိုပါက ထယ်ရေးနက်နက် တစ်ပေလောက်အထိထိုးရကြောင်း၊ ထယ်ရေးညက်အောင်ပြုပြီးပါက သုံးပေအကျယ်စိုက်ဘောင်များဖော်ပေးရကြောင်း၊ ထိုစိုက်ဘောင်ပေါ်တွင် ခြောက်လက်မခြား ပျိုးပင်တစ်ပင်ကျစိုက်ရကြောင်း၊ စိုက်ဘောင်တစ်ခုနှင့် တစ်ခုကြားသုံးပေခန့်ခြားထားလျှင် အကောင်းဆုံးဖြစ်ကြောင်း၊ ထိုနှုန်းဖြင့်စိုက်လျှင် စိုက်ဧက တစ်ဧကတွင်ပျိုးပင် ၁၆၀၀၀ မှ ၁၈၀၀၀ လောက်အထိဝင်ကြောင်း နာနတ်သီးစိုက်ပျိုးရောင်းချနေသူ ပန်ချီဟတ်ကျေးရွာမှ ဉီးဒေးဗစ်က ပြောသည်။

တာလေမြို့တွင် နာနတ်သီးပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်ခြင်းမရှိသေးသော်လည်း ပန်ချီဟတ်ကျေးရွာနှင့် ပါဟုတ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ အလုံးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနည်းဆုံးတစ်ထောင်ကျပ်ခန့်မှ အများဆုံး နှစ်ထောင့်ငါးရာကျပ်အထိရကြောင်း၊  အရသာချိုမွှေးကာ ကြိုက်နှစ်သက်သူများပြားကြောင်း၊ မိမိမြို့အတွင်းသာမက တာချီလိတ်မြို့သို့လည်း တင်ပို့ရောင်းချရသဖြင့် နာနတ်သီးတစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ မိသားစု အပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)