လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်မည်

လားရှိုး ဇွန် ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့်  လားရှိုးမြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများကို လားရှိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် လားရှိုးမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့တွင် အ.ထ.က (၅) နှင့် အ.ထ.က (၈) ၊ဇွန်လ ၁၇ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ဇွန်လ ၁၉ ရက်နေ့တွင် အ.ထ.က (၁) ၊အ.ထ.က(၂) တို့တွင် ကျောင်းသား၊ ကျောင်းသူများအတွက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့်လူမှုဝန်းကျင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကြုံတွေ့နေရသည့် ဆိုးကျိုးများအကြောင်းကို ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံရွေးခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ပြပွဲများ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများကို ဇွန်လ ၂၂ ရက်နေ့နှင့် ဇွန်လ ၂၇ ရက်နေ့တို့တွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)