မိုးကုတ်မြို့နယ်၊ လူထုအခြေအပြုဗဟိုဌာနခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်

မိုးကုတ် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်  သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ခြင်မခိုအောင်းနိုင်ရန် အိမ်တွင်း/ အိမ်ပြင် ရှင်းလင်းရန်၊ ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာ ဟောင်းများကို ကျင်းတူးပြီးမြေမြှုပ်ရန်၊ ရေလှောင်ကန်များတွင် လောက်လန်းစားငါးများ မွေးမြူရန် ထည့်ရန်လိုအပ်ပါကြောင်း၊ ခြင်ကျားပေါက်ပွားပုံအဆင့်ဆင့်ဖြစ်သည့် (ခြင်ဥ၊ ပိုးလောက်လမ်း၊ ပိုးရုပ်ဖုံး၊ သက်ကြီးကောင်) ဖြစ်စဥ်သည် () ရက်မှ (၁၀)ရက်ခန့်အထိသာ ကြာမြင့်သည့်အတွက် ပေါက်ပွားမှုနှုန်း အလွန်မြန်ဆန်ပါကြောင်း၊ ခြင်ကောင်ဖြစ်မှနှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင် နှိမ်နင်းခြင်းက ပိုမိုထိရောက်ပါကြောင်း၊ သွေးလွန်တုပ်ကွေးဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကုသမှု ခံယူသင်ပါကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး  ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက  အုတ်ကန်၊ ရေစည်၊ ရေထည့်သည့်ခွက်၊ ရေအိုးများကို ခြင်မဝင်နိုင်အောင် လုံခြုံစွာဖုံးအုပ်ရန်၊ အုတ်ကန်၊ ရေစည်၊ ရေအိုးများ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ တစ်ပတ်တစ်ကြိမ် သွန်ရန်လိုအပ်ကြောင်း၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ချွတ်ဆေးကြောရေလဲပေးရန်၊ အုတ်ကန်ကြီးများ၊ ရေလှောင်ကန်ကြီးများကို ပိုးလောက်လမ်းသေဆေး (Abate) ခတ်ရန် လိုအပ်ပါကြောင်းနှင့် အလင်းရောင်ရ၍ ခြင်မခိုအောင်းနိုင်ရန် နေ့ပိုင်းတွင် ပြတင်းပေါက်များ ဖွင့်ထားရန်လိုအပ်ပါကြောင်း စသည့်အကြောင်းအရာတို့ကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)