ကျောက်ဆည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၂၆၃) ဧကစိုက်ပျိုးရေ ပြည့်ဝစွာပေးဝေနိုင်ရေး ကဒူးမြောင်းမှ ရေကျအဆောက်အအုံ(၁)ခုအား ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကျ အဆောက်အအုံသည် ကဒူးမြောင်း၏ ပေတိုင်အမှတ် (၁၀+၃၀၀) ပဲခင်းကျေးရွာအနီးတွင် တည်ရှိကြောင်း၊ ရေကျအဆောက်အအုံသည် မပြုပြင်သည်မှာ နှစ်ကာလ ကြာမြင့်၍ ရေအဝင်အထွက် မြေကာနံရံများ ပျက်စီးကာ မြေဘောင်များ ရေတိုက်စား၍ စိုက်ပျိုးရေများ ပေးဝေရာတွင် အပြည့်အဝ ပေးဝေနိုင်ရေး အခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် အလျား(၈၅)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၄)ပေရေကျ အဆောက်အအုံအား မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၁၈.၀၀၀)ကျပ်သန်း အကုန်အကျခံကာ ပြန်လည်ပြုပြင် ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ပြီးစီးပါက ကဒူးမြောင်းရေရှည်ကြံ့ခိုင်ပြီး သီးနှံမျိုးစုံ(၂၆၃)ဧကအား စိုက်ပျိုးရေများ ပေးဝေရာတွင် လွယ်ကူစွာ ပေးဝေနိုင်မည်ဖြစ်ပြီး တူးမြောင်း၏ မြောင်းဘောင်ရေတိုက်စားခြင်းများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေ အလေ အလွင့် ဆုံးရှုံးမှုနည်းပါပြီး သီနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ညီညွှတ်မျှတစွာ ပေးဝေနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ရမည့် မြောင်းများ၊ ပြွန်များနှင့် ရေကျ အဆောက်အအုံများ၊ မြောင်းရေလျှံထွက်ပေါက်များနှင့် မြောင်းကြမ်းပြင်များအား ပြန်လည်တူးဖော် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)