သထုံ ဇွန် ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်း (ဦးဖြူ) ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကျောင်းသူ၊ ကျောင်းသားများ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်း ဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာ နိုင်ရေးတို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသူကျောင်းသားများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးတို့နှင့်ပတ်သတ်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ် စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသထားရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)