ကျောက်မဲ ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ဗဟိုဈေးကြီး၏ ဈေးသာယာရေးကော်မတီရုံးခန်းအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးဝန်ထမ်း များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်း ဈေးရောင်းချနေသည့် ဈေးသူဈေးသားပေါင်း ၂၀၀ ဦးကျော်ရှိပြီး ၎င်းတို့အနက်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကာလ ၆ လကျော်ပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ကာကွယ်ကွယ်ဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ကြကြောင်း သိရသည်။
လတ်တလောကာလတွင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ပြန်လည်တွေ့ရှိမှုများရှိနေပြီး ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်စေရန် အတွက် တာဝန်ရှိသူများက ကျောက်မဲမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြည်သူများအား အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)