မြင်းခြံမြို့ အ.ထ.က (၃)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မြင်းခြံ ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စန္ဒာမျိုးက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းမှူး ရဲအုပ်လှထွန်းသိန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်အန္တရာယ်များနှင့် ရှောင်ကြဉ်ရမည့်အကြောင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲခြင်းဖြင့်ရရှိမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်ဖြင့် ဟောပြာခဲ့ကြသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်များပြသထားရာ ဟောပြောပွဲ တက်ရောက်ကြသော ကျောင်းသား/ကျောင်းသူများက စိတ်ဝင် တစားကြည့်ရှုခဲ့ကြောင်း သိရ သည်။                                            

ကျော်စွာ(မြင်းခြံ)