အလုံ အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများ ပါးစပ်၊နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက်(၈)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်တွင်းရှိ အလုံစျေးနှင့် ဆင်မင်းစျေးတို့တွင် အဖွဲ့(၂)ဖွဲ့ခွဲကာနေအိမ်ပြင်ပထွက်ခွာသူများ ၊စျေးရောင်း၊စျေးဝယ်များအား ပါးစပ်၊နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ၊မရှိစစ်ဆေး ကြပ်မတ်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် mask တပ်ဆင်လာခြင်းမရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀ စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း mask မဖြစ်မနေ တပ်ဆင်ရန်နှင့် Social Distancing နှင့် အညီနေထိုင်ကြရန် သတိပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချိန်တွင် ပါးစပ်၊ နှာခေါင်းစည်း(Mask)တပ်ဆင်လာခြင်းမရှိသူ (၁၅)ဦးအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို(အလုံ)