နေပြည်တော် ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များမှ ဝါးစိုက်ခင်းတည်ထောင်မှု လျှောက်ထားခြင်းနှင့်ပတ်သက်၍ နေပြည်တော်ပုဂ္ဂလိကစက်မှုကုန်ကြမ်း(ဝါး)စိုက်ခင်း စိစစ်ထောက်ခံချက်ပြုရေး ကြီးကြပ်မှုကော်မတီမှ ထောက်ခံချက်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲမှ ပျဉ်းမနားဒေသတွင် ဝါးတောများ ပြုန်းတီးလာသဖြင့် ဝါးတောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရန်၊ ဝါးမှထွက်ရှိသည့်မျှစ်ကို စားသောက်ကုန်များအတွက်သာ သုံးစွဲခြင်းသာမက ဝါးမှပျော့ဖတ်စက္ကူများ ထုတ်လုပ်ခြင်းနှင့် အခြားလူသုံးကုန်ပစ္စည်းများကိုလည်း အဆင့်မီစွာထုတ်လုပ်နိုင်ရေး အတွက်လမ်းညွှန်မှာကြားချက်အရ နရိန္ဒြာကုမ္ပဏီလိမိတက်မှ မျှစ်ခြောက်စက်ရုံအတွက် ပျဉ်းမနားမြို့နယ်၊ အောင်ဘိသိတ်ကျေးရွာ၊ ရှမ်းသေမြောင်ရှိ မြေလွတ်၊ မြေရိုင်း ဧရိယာ ၁၅၀ ဧကနှင့် ဘို့မကျေးရွာရှိ မြေလွတ်၊ မြေရိုင်း ဧရိယာ ၁၅၀ ဧက စုစုပေါင်း ၃၀၀ ဧကအား စိုက်ပျိုးခွင့်ပြုနိုင်ရန် လျှောက်ထားမှုအပေါ် နေပြည်တော် ပုဂ္ဂလိကစက်မှုကုန်ကြမ်း(ဝါး)စိုက်ခင်း စိစစ်ထောက်ခံချက်ပြုရေးကြီးကြပ်မှုကော်မတီမှ ထောက်ခံချက်ပြုလုပ်ပေးနိုင်ရန်အတွက် ယခုလို အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသည့် မူဝါဒများနှင့်အညီဆောင်ရွက်၍ လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ပုဂ္ဂလိကစက်မှု ကုန်ကြမ်း(ဝါး)စိုက်ခင်း စိစစ်ထောက်ခံချက်ပြုရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ နေပြည်တော်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းနှင့် တွဲဖက်အတွင်းရေးမှူး နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထူးက နရိန္ဒြာကုမ္ပဏီလီမိတက်မှ မျှစ်ခြောက်စက်ရုံအတွက် မြေလွတ်၊ မြေရိုင်း(၃၀၀)ဧက လျှောက်ထားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ မျှစ်ခြောက်စက်ရုံအတွက် မြေလွတ်၊ မြေရိုင်း ၃၀၀ ဧက လျှောက်ထားမှုနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။
အောင်ကို(ပြန်/ဆက်)