မော်လမြိုင် ဇွန် ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ မော်လမြိုင်မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် သင်တန်းသား/ သင်တန်းသူများ တင်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က တစ်ကမ္ဘာလုံးရှိ ဆင်းရဲချမ်းသာကွာဟမှုပေါ်မူတည်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများဟာ လူကုန်ကူးမှု၏ဒဏ်များကို ပိုပြီးခံကြရသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုများဟာ ခေတ်စနစ်ပြောင်းလဲလာမှုများနှင့် နည်းပညာဖွံ့ဖြိုးမှုများ အပေါ်မူတည်၍ တစ်နှစ်နှင့်တစ်နှစ်မတူဘဲ ပြောင်းလဲဖြစ်ပေါ်နေကြောင်းလည်း တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုများကို တိုက်ဖျက်ရာတွင် အစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်အကောင်အထည်ဖော်ကြမှသာ လူကုန်ကူးသူများလျော့နည်းကျဆင်းအောင် ထိန်းချုပ်နိုင်မှာဖြစ်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော နိုင်ငံသားအလုံးစုံက စုပေါင်းတိုက်ဖျက်သွားရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေအသစ် အခန်း(၅)မှာ ပြဋ္ဌာန်းထားတဲ့ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဟာ လူကုန်ကူးမှုဖြစ်စဉ် တတစမလုံးရဲ့ အသက်သွေးကြောပဲဖြစ်ကြောင်း၊ လူကုန်ကူးခံရသူတွေနဲ့ ပထမဆုံးထိတွေ့ဆက်ဆံရမယ့် သူတွေဟာ ယခုသင်တန်းတက်ရောက်လာကြတဲ့ သင်တန်းသား/ သူများဖြစ်ပြီး လူကုန်ကူးခံရသူများနဲ့တွေ့ဆုံမေးမြန်းပြီးဖြည့်သွင်းရမည့် အချက်အလက်များကို စနစ်တကျ ကောက်ယူဖြည့်သွင်းဖို့ အရေးကြီး၍ ဒီသင်တန်းကို ဒုတိယအကြိမ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကဆွေးနွေးပို့ချလိုက်တဲ့ ဘာသာရပ်များကို နားလည်သဘောပေါက်ပြီးလက်တွေ့ နယ်ပယ်မှာ အကျိုးရှိရှိအသုံးချဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသောသင်တန်းသား/ သင်တန်းသူများနှင့်အမှတ်တရ ဓာတ်ပုံရိုက်ကူး၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သူ(၃၀)ဦးဖြင့် ဇွန်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)