မောက်မယ် ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲကျင်းပပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်၉နာရီခွဲက ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အဖွင့် အမှာစကားပြောကြားရာ၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာ စွမ်းရည်ပိုမိုတိုးတက် မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူကလေးငယ်များ ဖိတ်ခေါ်၍ ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသော ကျောင်းအုပ်ကြီးနှင့် ဆရာမများတို့က ပြိုင်ပွဲဝင် အမှတ်ပေးစည်းမျဉ်း စည်းကမ်းချက်များ၊ စာစီစာကုံးခေါင်းစဉ်၊ ဖြေဆိုရမည့်ရက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာပြိုင်ပွဲဝင် ကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)