ရမည်းသင်းမြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါတောင်သူ ကွင်းသရုပ်ပြပွဲနှင့် ဝါမျိုးစေ့၊ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရမည်းသင်း   ဇွန်   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကတင်ကျေးရွာ၊ ကွင်းအမှတ်(၁၀၈၉)ရှိ တောင်သူဦးသန်းဇော်၏ မိုးကြိုချည်မျှင်ရှည်ဝါစိုက်ကွင်း၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ Pilot  Area B 31 ဝါမျိုးတောင်သူပညာပေး ဝါစိုက်ကွင်းသရုပ်ပြပွဲနှင့်ဝါမျိုးစေ့၊ နေကြာမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၁၂ ရက်၊ နံနက် ၉ နာရီက အဆိုပါဝါစိုက်ကွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းက တောင်သူများစိုက်ပျိုးသည့် သီးနှံကိုမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးခြင်းဖြင့် ရရှိသည့် အကျိုးအမြတ်များနှင့် စိုက်နည်းစနစ်မှန်ကန်စေရန်နှင့် ယခင်စိုက်ပျိုးနေသည့် ဝါသီးနှံအစား နိုင်ငံ၏ ထွက်ကုန်ဝါသီးနှံများကောင်းမွန်ကာ အရည်အသွေးပြည့်မီသည့် ဝါဂွမ်းများရရှိစေရေးတို့ကို ရှင်းလင်းပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးသုတေသနပြု ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ရှင်းလင်းပြောကြားသည်။

၎င်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များကို တောင်သူများထံ လက်ရောက်အခမဲ့ထောက်ပံ့ပေးအပ်သည်။   ထို့နောက် ကတင်ကျေးရွာရှိ ချည်မျှင်ရှည်ဝါမျိုး တောင်သူပညာပေးစိုက်ကွင်းအတွင်း ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေကြီးဦးစီးမှူးဦးတိုးမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ဝါစိုက်ပျိုးကြမည့် တောင်သူများမှ အောင်မြင်ဖြစ်ထွန်းနေသည့် ဝါစိုက်ကွင်းအတွင်းကြည့်ရှုကြပြီး တောင်သူများမှ ဝါစိုက်ပျိုးမှု သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အင်ကြင်းကန်ကျေးရွာ၌ စိုက်ပျိုးထားသော နွေစပါးတစ်ဧက တင်း(၁၂၀)ထွက်ရှိရေး စံပြကွက်ကို သွားရောက်ကြည့်ရှုကာ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ကွင်းလိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး ရွှေဒါးသာစည်ကျေးရွာအုပ်စုရှိ ရွှေဒါးနည်းပညာပြန့်ပွားရေးစင်တာရှိ ဥဇဘက်ကစ္စတန်နိုင်ငံမှ ဝါမျိုး(၈)မျိုး၏ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်