လားရှိုး ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း စံပြစိုက်ကွက်များ၊ စံပြစမ်းသပ်စိုက်ကွက်များ ဆောင်ရွက်စိုက်ပျိုးခဲ့ကြသည့် အကျိုးဆောင် တောင်သူများ အား မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာစိုက်ပျိုးခြင်းကို အလေးထားစိုက်ပျိုးကြရမည်ဖြစ်ပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ စိုက်နည်းစနစ် မှန်ကန်စွာဖြင့် နေကြာများကို တိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ မိမိတို့ခရိုင်အတွင်း နေကြာကို ယခင်နှစ်များကထက် စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြား သည်။
ထို့နောက် လားရှိုးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက မိမိတို့ဒေသအတွင်း အထွက်နှုန်းမြင့်မားသည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ လုံလောက်မှုရှိစေရေး၊ မြို့နယ်အတွင်း စိုက်ပျိုးမှုလွှမ်းခြုံနိုင်ရေးအတွက် တောင်သူများကိုနည်းပညာနှင့် သွင်းအားစုများ ပံ့ပိုး၍ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများ၊ တောင်သူများအား မျိုးစေ့နှင့်ဓါတ်မြေဩဇာထောက်ပံ့ ပေးအပ်ရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများအား မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးသန့်ပွားများခြင်း၊ စံပြကွက်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ဆုံကွယ်၊ ဟူးမွန်၊ ကောင်းအိုင်၊ မန်ကုန်းကျေးရွာတို့မှ တောင်သူ ၂၀ ဦးအား ဓါတ်မြေဩဇာ၊ နေကြာမျိုးစေ့နှင့် မျိုးသန့် စပါးမျိုးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်