ငပလီ ဇွန် ၁၅
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လည် (၁၂း၀၀) နာရီအချိန်က ငပလီမြို့ စျေးဆိုင် တန်းမှ စာဖတ်ပရိတ်သတ်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာ ရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများအား အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊ ဗဟုသုတ တိုးပွားစေရေး၊ စာဖတ်ရှိန် မြှင့်တင်ရေး ရည်ရွယ်ပြီး သုတ၊ရသစာအုပ်များကို တစ်ပတ်ငှား စနစ်ဖြင့်ငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်၊စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)