နောင်ချို အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ်၌ ရှမ်းပြည်နယ် အတွင်း ဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ရှိ/ မရှိ Test Kits များဖြင့် စစ်ဆေးခြင်းကို နောင်ချိုမြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုနှင့်ဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များက ကျန်းမာရေးစစ်ဆေးခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အောက်တိုဘာလ(၈)ရက်နေ့၌ စစ်ဆေးတွေ့ရှိမှုများမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော အမရပူရမှ ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် နောင်ချိုမြို့နယ် ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်းမှ အဆိုပါ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းအား နောင်ချိုဆေးရုံ Hospital Quarantine သို့ ပို့ဆောင်ခဲ့သည်။ ယာဉ်မောင်းနှင့်အတူ ပါလာသော ယာဉ်နောက်လိုက်ကိုလည်း စောင့်ကြည့်လူနာအဖြစ် နောင်ချိုဆေးရုံ စောင့်ကြည့်လူနာဆောင်သို့ ပို့ဆောင်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူယာဉ်မောင်းအား နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ အလှည့်ကျကြီးကြပ်ကာ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်