ပျဉ်းမနား ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီစာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျွန်းဦးကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ ၁၂၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)