တကောင်း ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင်နှင့်ဝန်ထမ်းများ၊ နယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုဝင်းနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများတွင် မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ရေလှောင်ကန်များ၊ ဘုရားပန်းအိုးများ၊ စဉ့်အိုးများ၊ ရေဆိုးထုတ်မြောင်းများ၊ ရေဝပ်နိုင်သည့် ပစ္စည်းများအတွင်း ပိုးလောက်လန်းမပေါက်ပွားနိုင်စေရန် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးကာ သောက်သုံးရေသိုလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် အများပြည်သူများအား သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သီရိ