ကမာရွတ်မြို့နယ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကမာရွတ် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ အမှတ်(၃၉)ယာဥ်ထိန်းတပ်ဖွဲ့မှူးနှင့် ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ပါသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အမှတ်(၃၉)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမြင့်စိုးတို့က ကျောင်းသား၊ ကျောင်းသူတို့ကို ယာဥ်အန္တရာယ်နှင့်လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လမ်းဖြတ်ကူးပါက သတိပြုရမည့်အချက်များကိုဟောပြောကြပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ပါသည်။

ဟောပြောပွဲအခမ်းအနားသို့ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားဦးရေ (၁၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အလားတူ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲများကို မြို့နယ်အတွင်းရှိ ကျောင်းများတွင်ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှသိရှိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)