ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဝါသနာရှင် ကျောင်းသားလူငယ်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇွန် ၁၅

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသားလူငယ်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ဇွန်(၁၄)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေး က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဆရာတော် နတ်ရှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလေးများက ယခုစာအုပ်တွင် စာရေးဆရာသည် ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဟူသည့် ဆိုစကားအတိုင်း လူငယ်များအနေဖြင့် မိဘ၊ ဆရာတို့၏ သင်ကြားပြသမှုများအပေါ် လိုက်နာသင်ယူနိုင်ရန်အတွက် ရည်ရွယ်ထားပါကြောင်း၊ မိမိတို့လူငယ်များအနေဖြင့် တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရပါကလည်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေး ကြိုးစားအားထုတ်စေရန်အတွက် လမ်းညွှန်မှုပြုသောကြောင့် လူငယ်တိုင်းဖတ်သင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း တို့ကို ဆွေးနွေး ဖတ်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)