ချမ်းအေးသာစံမြို့နယ် Community Centreတွင် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ချမ်းအေးသာစံ  ဇွန် ၁၅

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်များအားရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ အမှတ် (၅) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သရက်ပင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများကဆုများ ချီးမြှင့်ပေးအပ်ခဲ့​ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်နီလာကျော်က ဆုရွေးချယ်သည့် စည်းမျဥ်း စည်းကမ်းများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ​ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်