တိုက်ကြီးမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

တိုက်ကြီး ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးနှင့် ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရေး တို့ကို ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးမြို့နယ် အဖျောက်မြို့ ရေပေါ်သောင်ကျေးရွာအုပ်စုရှိ မအူကုန်းကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ကြောင်းသိရသည်။

ရှေးဉီးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီနှင့် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဉီးဇော်မင်းထွေးတို့က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဉီးရဲဇော်ထွန်းက သင်တန်းသုံး လက်သုံးကိရိယာနှင့် သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ရာ သင်တန်းသားတစ်ဉီးက လက်ခံရယူသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ အဖျောက်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းကို သင်တန်းသားသင်တန်းသူ ၂၀ ဉီးဖြင့် တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး ထူးချွန်သူသင်တန်းသားများစိစစ်ရွေးချယ်ကာ လုပ်ငန်းစတင်ထူထောင်ရန် မတည်ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ ဆက်)