မလှိုင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မလှိုင် ဇွန် ၁၅

မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးနှင့် အခြေခံပညာကျောင်းများတွင် တစ်ပြိုင် နက်တည်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါနေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များပူးပေါင်း၍ မိုးရာသီကာလအတွင်း ခြင်မှ တစ်ဆင့်ဖြစ်ပွားတတ်သည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် စားသောက်ဆိုင်များ သားငါးဆိုင်များ၊ ကုန်စိမ်းဆိုင်များတွင် အသုံးပြုနေသည် ရေပီပါများ၊ ရေပုံးများ၊ စဉ်းအိုးများ ဘုရားပန်းအိုးများစသည် ခြင်ပေါက်ဖွားနိုင်သည့်နေရာများတွင် ပိုးလောက်လန်းများရှိမရှိ ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါအသုံးပြုနေသည့် ရေပီပါများ ရေပုံးများ၊ စဉ်းအိုးများတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့်အေးဒီစ် (ခေါ်)ခြင်ကျား(ခြင်ပုန်း)သည် ရေကြည်ရေသန့် တွင်သာပေါက်ဖွားသဖြင့် ပိုးလောက်လန်းများမရှိစေရန် အသုံးပြုသည် ရေအိုးများအား(၃)ရက် တစ်ကြိမ် ရေလဲအသုံးပြုရန် အသိပေး ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ကိုက်မခံရအောင် ဆောင်ရန်ရှောင်ရန် အချက်များ၊ ကျောင်းနှင့်ဝန်ကျင်တွင် ပေါင်းမြက်များ ရှင်းလင်းခြင်း အသုံးပြုနေသည့် ရေလှာင်ကန် များ ရေအုတ်ကန်များတွင် ပိုးလောက်လန်းများ မရှိစေရန် မကြာခဏ လဲလှယ်အသုံးပြုရန် အသိ ပညာပေးဟောပြောခဲ့ပြီး ဖုံး၊ သွန်၊ လဲ၊ စစ်စစ်ဆေး ခြင်းကိုလက်တွေ့ပြသပြီး အဘိတ်ဆေးခတ်ခြင်း များ ဆောင်ရွက်ခဲ့ကြသည်။

အောင်ဌေး( မလှိုင် )