နမ္မတူ ဇွန် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးနှင့်ပတ်သက်သည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး(၈)မျိုးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၁၅၀)စောင်အား ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော်(ပြန်/ဆက်)