နမ္မတူမြို့နယ် အ.လ.က (၂) ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ

နမ္မတူ ဇွန် ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ဇွန်လ (၂၆) ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုး ဆောင်းကျော်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်းအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေဦးက မူယစ်ဆေးဝါးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဟောပြောခဲ့ပြီး အမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က ကျေးဇူတင်စကား ပြောကြားခဲ့သည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် ဆေးလိပ် သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)