နောင်ချို ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားသည့် “ငယ်ငယ်ကကြားဖူးခဲ့တဲ့ မိန်းမများအကြောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်ဆုမွန်ဝင်းနှင့် ဒေါ်သက်မြတ်ထူးတို့က စာအုပ်တွင်ပါရှိသော မဒ္ဒီဒေဝီအကြောင်းနှင့် ဥပ္ပလဝဏ်ထေရီအကြောင်းများကို ဖတ်ကြားဆွေးနွေးခဲ့ကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Women Club အဖွဲ့ဝင်များနှင့် အပြန်အလှန် ဗဟုသုတများမျှဝေခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် အလွန်တော်သောကောင်းသော အမျိုးသမီးပင်ဖြင့်လင့်ကစား ပြုခဲ့ဖူးသော မကောင်းမှု၏ အကျိုးဆက်ကို ခံစားမည်ဟူသော အသိပညာဗဟုသုတရရှိမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့်ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထား တတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)