ကော့မှူး ဇွန် ၁၅
ကျောင်းသား/ကျောင်းသူများ လူအများရှေ့တွင် ပြောရဲဆိုရဲရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်နှီးကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတအတွေးအမြင်များရရှိစေရန် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဒေါ်ခင်ထွေးရီက စာရေးဆရာဆူးသစ်ရေးသားထားသည့် ခွန်အားရှိသောစာခွန်အားရှိသော လူငယ်အတွေးစုစာစုများစာအုပ်ထဲမှ ဘာကြောင့်စာဖတ်သလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ မောင်ကျော်သူစိုးက လူငယ်နှင့်မိုက်ခြင်း မမိုက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးသူက ရွှံထဲကကျောက်တုံးများခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Book Club အသင်းမှအဖွဲ့ဝင် ဒေါ်ခင်ထွေးရီကအဓိကဆိုလိုချင်သည်က စာနည်းနည်းဖတ်လျှင်နည်းနည်းသိမည်ဖြစ်ကြောင်း၊ များများဖတ်လျှင်များများသိသည်ဟု နားလည်စေရန်လိုကြောင်း၊ ထိုသို့သိရာ၌ မိမိဗဟုသုတတိုးပွားလာသလို ရမ်းသန်း၍ထင်နေသော အထင်များလည်းဝေဝါးရာမှ ကြည်လင်ပြတ်သားလာမည်ဖြစ်ကြောင်း၊ အသိဉာဏ်မြင့်မားလာသည်ဟုဆိုလျှင်လည်းရကြောင်း၊ စာများများဖတ်လာလျှင်စာအုပ်တွေကပင်မိမိကိုလမ်းညွှန်သွားမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းကြောင့်လောကထဲမှာနေထိုင်ရာ၌ တခြားသူတွေထက်အဆင်ပြေချောမွေ့မှု၊ တိုးတက်အောင်မြင်မှုတွေအနည်းနှင့်အများသာ လွန်နေမည်ဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ (ကော့မှူး)