မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

မချမ်းဘော ဇွန် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ဟောပြောပွဲ ၊စာစီစာကုံး ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းဟောပြောပြီး စာစီစာကုံးပြိုင်ပွဲကိုဆက်လက်ကျင်းပရာ "မူးယစ်ဆေးဝါးတို့ရှောင်ရှား "ခေါင်းစဥ်ဖြင့် အမှတ် (၂)အခြေခံပညာမူလ တန်းကျောင်း Grade -5မှကျောင်းသားကျောင်းသူ (၁၅)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ Grade-4 ကျောင်းသားကျောင်းသူ (၂၄)ဦးတို့က သုတပဒေသာစာစောင်စာအုပ်ပါ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်များကိုဒုက္ခပေးနေသည့် ဆေးလိပ်၊ လေထုညစ်ညမ်းမှုနှင့် ကလေးငယ် စသည့်ခေါင်းစဥ်များဖြင့် ပါဝင်ယှဥ်ပြိုင်ကြပြီးဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဒုတိယဦးစီးမှူးနှင့် ဆရာမများက ဆုလက်ဆောင်များအသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာကြသော ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၃၂ဦးတို့က ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ယောရွှေနီ( မချမ်းဘော)