ဖားကန့် အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်ကာလ အမှန်တကယ်ခက်ခဲမှုရှိသည့် အခြေခံပြည်သူများအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)တို့မှဦးဆောင်ပြီး ဖားကန့်မှကျောက်မျက်ကုမ္ပဏီများစုပေါင်း ထောက်ပံ့လှူဒါန်း သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ်(၅၀၀၀)အား တစ်အိမ်ထောင် ဆန်(၆)ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း နှစ်သောင်းကို ယနေ့တွင် အိမ်တိုင်ရာရောက် စတင်ထောက် ပံ့ပေးလျက်ရှိသည်။
ယနေ့စတင်သည့် ထောက်ပံ့မှုကို လုံးခင်းကျေးရွာအုပ်စုအတွင်းမှ အခြေခံပြည်သူ အိမ်ထောင်စု (၆၉၉၀)စုအနက်မှ မန္တလေးမြို့မှ မှာယူရောက်ရှိလာသည့် ဆန် ၆ ပြည်အိတ် (၄၃၄၈)အိတ်ကို လုံးခင်းကျေးရွာ (၁၊ ၂၊ ၃၊ ၄၊ ၅)တို့မှ ပြည်သူများအတွက် (၁၃၇၂)အိတ်၊ လယ်ပြင်ကျေးရွာမှ ပြည်သူများအတွက်(၂၈၈)အိတ်၊ ငြိမ်းချမ်းသာယာမှ ပြည်သူများအတွက် (၄၂၃)အိတ်နှင့် အောင်ရာကျေးရွာဘက်ခြမ်းမှ ပြည်သူများအတွက်(၁၁၄၂)အိတ်တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးထောက်ပံ့ပေးခဲ့သည်။
ဆန် ၂၄ ပြည်ပါ အိတ်တစ်အိတ်လျှင် (၂၈၉၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ် (၅၀၀၀)ကို မန္တလေးမြို့မှ မှာယူပြီး အသုတ်လိုက်ရောက်ရှိလာပါက ရောက်ရှိလာမှုအခြေအနေ ပေါ်မူတည်ပြီး မြို့နယ်အတွင်းမှ နိုင်ငံတော်၏တစ်အိမ်ထောင် နှစ်သောင်းနှုန်းထောက်ပံ့မှု မရရှိခဲ့သည့် ပြည်သူများအပါ လက်ရှိအကူအညီလိုအပ်နေသူများအားလုံးကို ဝေငှပေးသွား မည်ဖြစ်သည့်အပြင် ငွေကြေးထောက်ပံ့မှုလည်း ဆက်လက်ဆောင်ရွက်ပေးသွားဦးမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ တွဲဖက်အတွင်းရေးမှူး-၁ ဦးနေမျိုးလွင်က ပြောသည်။
ဆက်လက်ပြီး ဖားကန့်ရတနာနယ်မြေတစ်ခုလုံးမှ ပြည်သူများအတွက် လိုအပ်သည့်နေရာများတွင် သုံးစွဲသွားရန် ဖားကန့်မှ ကျောက်မျက်ကုမ္ပဏီများက စုပေါင်းထည့်ဝင် လှူဒါန်းသည့် ငွေများကို မြန်မာ့စီးပွားရေးဘဏ်(ဖားကန့်)တွင် F - 166 ဖြင့် သီးခြား ဘဏ်အကောင့်တစ်ခုကို မကြာခင်ကမှ ဖွင့်လှစ်ထားပြီး လက်ရှိတွင် ငွေကျပ်(၉၈၀)သိန်း ရှိကြောင်း ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း)မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသန်းထွန်း ထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)