မိုင်းစံ ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ရပ်ကွက်(၃) နမ့်ပလပ်ကျေးရွာ မြို့လယ်ဟောခန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်က မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို စတင် ဆွေးနွေးခဲ့ပြီး၊ မိုင်းစံနယ်မြေစခန်းမှ ဒုရဲအုပ်နိုင်လင်းထွန်းမှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်ဆောင်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ၊ လျှပ်စစ်မီတာချထားရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုင်းစံယုံက တောင်သူများ ပိုးသတ်ဆေးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးစိုင်းလူလှက မီးဘေးအန္တရာယ်ဆိုင်ရာများ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)