ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ချီဖွေမြို့စည်ပင်သာယာဈေး သန့်ရှင်းသပ်ရပ်ပြီး ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေးနှင့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးထောက်ပံ့

ချီဖွေ ဇွန် ၁၅

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့ သန့်ရှင်းသာယာလှပပြီး ချီဖွေမြို့မဈေး သန့်ရှင်းသပ်ရပ်ပြီး ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် အတူ ဇွန် ၁၃ ရက်နေ့ နံနက် ၇ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ချီဖွေမြို့ ရစ်လော်ရပ်ကွက်အတွင်းရှိ မြို့မဈေး၌ အသီးအရွက်ကုန်စိမ်း ရောင်းချနေမှုများနှင့် သား/ငါးရောင်းချနေမှု အခြေအနေများ၊ ဈေးရေကန် တည်ဆောက်ထားရှိမှု အခြေအနေများနှင့် ဈေးအဝင်စွယ်တော်လမ်းအား ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဈေးသန့်ရှင်းသပ်ယပ်စေပြီး ခရိုင်မြို့အင်္ဂါရပ် နှင့် အညီ အဆင့်မြှင့်ဈေးတည်ဆောက်နိုင်ရေးနှင့် မြို့အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေသည့် စည်ပင်သာယာရေးလုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြသွားရေး တိုက်တွန်းမှာကြားခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးသည် ဇွန် ၁၂ ရက် ညနေပိုင်းက ချီဖွေမြို့ ရစ်လော်ရပ်ကွက်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် နိုင်ရေး မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်ရှည် ပျိုးပင် ၂၀၀ ကျော် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သစ်ပင်များ ရှင်သန် ဖြစ်ထွန်းစေရေး အစဉ်တစိုက် ပြုစုပျိုးထောင်ဆောင်ရွက်သွားရေး မှာကြားကာ ပြည်နယ်ဝန်ကြီးက သစ်တောဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရစ်လော်ရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးရုံး၌ ချီဖွေနှင့် ဆော့လော်မြို့နယ်တို့မှ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးက ခရိုင်မြို့ဖြစ်လာသည့် ချီဖွေမြို့အား သန့်ရှင်းသာယာလှပပြီး ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက် ကြရေး မှာကြားကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေ ရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ချီဖွေရုံးဝန်ထမ်းများအတွက် ငွေကျပ် (၃)သိန်းနှင့် ဆော့လော်မြို့နယ်ရုံးဝန်ထမ်းများအတွက် ငွေကျပ် (၂)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)