လားရှိုး အောက်တိုဘာ ၉
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ(၉)ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား (၃၂)ဦး ၊ အမျိုးသမီး(၅)ဦး စုစုပေါင်း (၃၇)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန် ပြည်သူ(၃၇)ဦးတို့တွင် ကချင်ပြည်နယ်မှ(၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၈)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၇)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၄)ဦး၊ ရခိုင်ပြည်နယ် မှ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၃)ဦး တို့ဖြစ်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ အောက်တိုဘာ(၉)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား(၁၀၇၀၃)ဦး၊ အမျိုးသမီး(၆၅၉၇)ဦး၊ စုစုပေါင်း (၁၇၃၀၀)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)