ကျိုက်ထို ဇွန် ၁၅
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းနေရွယ် ကလေးငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိပြီး အတွေးအခေါ် မြင့်မားလာစေရေးအတွက် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျိုက်ထိုမြို့ကံ့ကော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (အောင်ချမ်းသာ) ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က “မူးယစ်အန္တရာယ်ပူးပေါင်းကာကွယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းမျဉ်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကာကွယ်ရမည့်နည်းလမ်းများ အစရှိသည့် စိတ်ဝင်စားဖွယ်နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစားကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)