မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

မိုင်းယု ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် “စိတ်ကောင်းရှိဖို့သည် ပထမ” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်တို့သည် မိမိကိုယ်မိမိ ပြုစုပျိုးထောင်ရာတွင် စာပေကသာ တည့်မတ် ထိန်းကျောင်းနိုင်သည်ကို သိဖို့လိုပါကြောင်း၊ သုတရသကို မပေးစွမ်းနိုင်သော စာပေများသည် လူငယ်တို့အတွက် အချိန်ကုန် လူပန်း ဘဝနွမ်းစေနိုင်ကြောင်းကို သတိပြုသင့်ပါကြောင်း၊ လူငယ်တို့၏အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လမ်းနိုင်ရန် ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးပြီး အနှစ်သာရရှိသော စာပေများကို မြတ်နိုးစွာ ဖတ်ကြရန်လိုပါကြောင်းနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးစိုင်းဆွမ်ဆိုင်းက “စိတ်ကောင်းရှိဖို့သည် ပထမ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဇာခြည်လဲ့လဲ့ခိုင်က “ရိုးသားခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးသီဟသူက “စိတ်ကိုမကောင်းအောင် ပြုလုပ်သည့်အရာများ”ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။     

အားချာ