မိုင်းရယ် ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ကမ္ဘာ့သွေးလှူရှင်များနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မိုင်းရယ်မြို့နယ်အတွင်းရှိ စေတနာအလျောက် အခကြေးငွေမယူဘဲ ကိုယ်ကျိုးမဖက် သွေးလှူဒါန်းခဲ့ကြသည့် ပုဂ္ဂိုလ်များအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီရိထွန်းက တက်ရောက်လာ ကြသည့် သွေးလှူရှင်များအား ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည့် အသိပညာများကို ဆွေးနွေးပြီး ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် သွေးလှူရှင်များအား အမှတ်တရအင်္ကျီများကို ပေးအပ်ရာ သွေးလှူရှင်များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ရယူသည်။
ဆက်လက်၍ (၅)ကြိမ်မှ (၁၇)ကြိမ်အထိ လှူဒါန်းခဲ့ကြသည့် သွေးလှူရှင်များအား အမှတ်(၃၅၀) အမြောက်တပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။
မိုင်းရယ်မြို့နယ်တွင် သွေးလှူဒါန်းမှု စုစုပေါင်း (၇၄၆)ကြိမ်ရှိပြီး (၅)ကြိမ်မြောက် သွေးလှူဒါန်းသူ ၈ ဦး၊ (၆)ကြိမ်မြောက် ၅ ဦး၊ (၇)ကြိမ်မြောက် ၈ ဦး၊ (၈)ကြိမ်မြောက် ၄ ဦး၊ (၁၀)ကြိမ်မြောက် ၃ ဦး၊ (၁၁)ကြိမ်မြောက် ၁ ဦး၊ (၁၂)ကြိမ်မြောက် ၃ ဦး၊ (၁၅)ကြိမ်မြောက် ၂ ဦး၊ (၁၆)ကြိမ်မြောက် ၁ ဦးနှင့် (၁၇)ကြိမ်မြောက် ၂ ဦးရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်