မိုင်းပျဉ်း ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအကြောင်း အသိပညာပေးဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထိခိုက်စေနိုင်သောအရာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည့်အတွက် ကျန်းမာသန်စွမ်းထက်မြက်ပြီး၊ အသိပညာဗဟုသုတနှင့် ပြည့်စုံကြွယ်ဝသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မူးယစ်ကင်းစင်သော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် အရေးကြီးပုံအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရေးတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)