ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီနှင့်ထောပတ်အစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပြင်ဦးလွင် ဇွန် ၁၄

စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ မြန်မာနိုင်ငံကော်ဖီအသင်း ပြင်ဦးလွင်၊ နောင်ချိုအစုအဖွဲ့နှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ပြင်ဦးလွင်အသင်းတို့တွေ့ဆုံ၍  ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ ကော်ဖီဥယျာဉ်အတွင်းရှိ  Information  Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကား ပြောကြားရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားအကျိုးစီးပွားပံ့ပိုးနိုင်ရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတာဝန်(၈)ရပ်အား အဓိကထား​ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား အသေးစိတ်ပြောကြားပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်သွယ်မှုနှင့်ပတ်သက်သည့်အခြေအနေများအား ဆွေးနွေးပေးရန်ဖိတ်ခေါ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်မိုးမိုးသွယ်မှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအောက်တွင် မူပိုင်ခွင့်ဦးစီးဌာနအား (၂၃.၁၂.၂၀၂၀)ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ (၂၀၁၉)ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ခုအား ပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်အမှတ်တံဆိပ်များအား ပြန်လည်မှတ်ပုံတင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။   

ထို့နောက် ပြင်ဦးလွင်၊ နောင်ချို ကော်ဖီအစုအဖွဲ့ဥက္ကဋ္ဌနှင့် ထောပတ်အစုအဖွဲ့ဥက္ကဌများမှ မိမိတို့အသင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ကော်ဖီ၊ ထောပတ်အစုအဖွဲ့ လုပ်ငန်းရှင်(၅၀)ဦးခန့် တက်ရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား အားနေ့လယ် (၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)