တာချီလိတ်မြို့ အ.ထ.က (ဆန်ဆိုင်း)ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ

တာချီလိတ် ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ.ထ.က(ဆန်ဆိုင်း)ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်အတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်က သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက တားဆီး၊ ကာကွယ်၊ ကယ်ဆယ်နိုင်ရန်ရည်ရွယ်၍ ဘေးအန္တရာယ်မဖြစ်ပေါ်မီအခြေအနေတွင် ကြိုတင်ပြင်ဆင်မှုများ၊ ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ကာကွယ်နိုင်မှုများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက ရာသီဥတုပြောင်းလဲမှုနှင့် အမှိုက်ကင်းစင်ရေး၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး၊ သစ်တောသစ်ပင်သယံဇာတများ ထုတ်ယူသုံးစွဲမှုဂရုပြုရေး စသည့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုစနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးစတင်သုံးစွဲခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလာဒ်များအကြောင်းဟောပြောကာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)