ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ပင်းတယ ဇွန် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ငွေကျပ် (၅)ဘီလီယံထုတ်ပေး၍ ဒေသခံလုပ်ငန်းရှင်များသို့ ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ ပင်းတယမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းရှင်အစုအဖွဲ့(၅၄)ဖွဲ့၊ လူဦးရေ(၁၄၂၇)ဦးအား မတည်ထောက်ပံ့ငွေကျပ် (၁၇၅၉ ဒသမ ၆၈)သန်းနှင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားကုန်ထုတ်လုပ်ငန်းရှင်အစုအဖွဲ့ (၄၂)ဖွဲ့၊ လူဦးရေ(၆၇၈)ဦးအား မတည်ထောက်ပံ့ငွေကျပ် (၁၉၄၆ ဒသမ ၈၀)သန်း မတည်ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ငွေမှဒေသအတွင်းရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းရှင်များအတွက် ထုတ်ပေးရန်ကျန်ရှိသည့် ငွေကျပ်(၁၂၉၃ ဒသမ ၅၂)သန်းအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ပင်းတယမြို့နယ်အတွက် ငွေကျပ်(၉၃၁ ဒသမ ၀၂)သန်းနှင့် ရွာငံမြို့နယ်အတွက် ငွေကျပ်(၃၆၂ ဒသမ ၅)သန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစုအဖွဲ့များကိုယ်စား ရွာငံမြို့နယ်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)