ဆီဆိုင် ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မေတ္တာလွမ်းခြုံစေတနာသွေးလှူရှင်အသင်းတို့ ပူးပေါင်း၍ (Wold Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွဋ်ဦးက သွေးလှူရှင်များအား အသိပညာပေး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မေတ္တာလွမ်းခြုံစေတနာသွေးလှူရှင်အသင်းနာယက ဦးဝင်းကြည်၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးချိုတူးမောင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေတို့က သွေးလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကားများပြောကြား၍ မေတ္တာလွမ်းခြုံစေတနာသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးလှမြင့်က အသင်း၏လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကသွေးလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦး၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မေတ္တာလွမ်းခြုံစေတနာသွေးလှူရှင်အသင်းဝင်များနှင့် သွေးလှူရှင်များ စုစုပေါင်း(၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)