ဗန်းမော်မြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်များ စာရင်းကပ်ထားကြေညာခြင်း ကွင်းဆင်းစစ်ဆေး

ဗန်းမော်  အောက်တိုဘာ ၉

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်များ အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာထားရာ ယနေ့ နံနက်ပိုင်းအထိ လာရောက်ကြည့်ရှုသူဦးရေ ၃၀၂၃၃ ဦး အထိရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကပ်ထားကြေညာခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ အဖွဲ့ ၃ ဖွဲ့ခွဲ၍ ကွင်းဆင်းစစ်ဆေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မဲဆန္ဒရှင်အမည်စာရင်းများ လာရောက်ကြည့်ရှုမှု အခြေအနေများ၊ ပုံစံ(၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ)များဖြင့် တောင်းဆိုသူ အခြေအနေများနှင့် မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မထပ်မကျန်စေရန်၊ မပါဝင်သင့်သူများ မပါစေရန်၊  ပါဝင်သင့်သူများ မကျန်ရှိစေရေးအတွက် ဆွေးနွေးမှာကြားပြီး ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းကြသည်။

ဗန်းမော်မြို့နယ်တွင် ယနေ့အထိ ပုံစံ(၃)ဖြင့်လျှောက်ထားသူ ၆၀၄ ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၆၆၄ ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ  ၁၂၆ ဦးရှိပြီး မဲရုံပေါင်း ၆၉ ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း ၉၁၃၈၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)