ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး ဒီရေတောများစိုက်ပျိုး

ပေါင် ဇွန် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဒီရေတောအပင်များစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဇီးကုန်းကမ်းခြေတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဒီရေတောများ စိုက်ပျိုးခြင်းဖြင့် ကမ်းရိုးတန်းဒေသတွင် မုန်တိုင်းဒဏ်နှင့် သဘာဝဘေးအန္တရာယ် တို့အား ခုခံကာကွယ်ပေးနိုင်ခြင်း ပင်လယ်သယံဇာတများဖြစ်သည့် ငါး၊ ပုစွန်တို့ ခိုအောင်း မှီခိုသားပေါက်ရာ နေရာလည်းဖြစ်ရာ ရေသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန် ရည်ရွယ်ကာ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ အလားတူ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်း၊ ရာသီဥတုမျှတမှုရှိခြင်း၊ အရိပ်ရအပင်များရရှိခြင်း၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ခြင်းနှင့် ဇီဝမျိုးကွဲစုံ ကျေးငှက် သားရဲတိရစ္ဆာန်များ မှီခိုကျက်စားနိုင်ခြင်းတို့ကြောင့် ဒီရေတောများနှင့်အတူ သစ်တော သစ်ပင်များကို ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းကြစေလိုကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးက ပြောသည်။

အဆိုပါ ဒီရေတောအပင်များ စိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးဝင်း၏ ဦးဆောင်မှုဖြင့် သစ်တောဝန်ထမ်းများ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး သက်မဲ့ (၃၀၀) ပင်၊ ဗြူးခြေထောက် (၁၈၀၀) ပင်၊ စုစုပေါင်း(၂၁၀၀)ပင်ကို ဇီးကုန်းကမ်းခြေ၌ စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)