ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ပေါင် ဇွန် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အသိပညာပေး (TALK SHOW) အစီအစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာနမှ ငှက်ဖျားတာဝန်ခံ ဦးဂျွိုင်းကိုကိုကခြင်မှ တစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ခြင်မပေါက်ပွားနိုင်ရန် ကြိုတင်ကာကွယ်ရေး (ဖုံး/သွန်/ခပ်/စစ်/လောင်း/ထောင်/လဲ/ဖွင့်/မြှုပ်/ရှင်း/ထည့်) နည်းလမ်းများ၊ ခြင်မကိုက်စေရန် တစ်ကိုယ်ရည် ကာကွယ်ရေး နည်းလမ်းများနှင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်းအဖွဲ့များက ရပ်ကွက်များအတွင်းရှိ ကျောင်းများ၊ လူနေအိမ်များအားလုံးကို အဘိတ်ဆေးခတ်ခြင်းနှင့်ကျောင်းများတွင် ခြင်ဆေးခတ်ပေးခြင်း ဆောင်ရွက်ပေးမှုများအပေါ် မိဘပြည်သူများက ပူးပေါင်းပါဝင်စေရေး ပညာပေးဆွေး နွေးပေးခဲ့သည်။

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)